စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ စိတ်နဲ့သာ ကုစားပါ
စိတ်ကျန်းမာရေးပြဿနာတွေဆိုတာ လွန်ခဲ့တဲ့ ရှေးနှစ်ရာပေါင်းများစွာကတည်းက ရှိနေခဲ့တယ်ဆိုပေမယ့် ဒီဘက် (၂၁) ရာစုလို ဆိုရှယ်မီဒီယာတွေ တွင်ကျယ်လာတဲ့ ခေတ်မှာမှ ပိုခေတ်စားပြီး လူသိများလို့ လာခဲ့တဲ့ ခေါင်းစဉ်တွေ ဖြစ်လာတာပါ။ ဒါတောင် လူအများစုမှာ စိတ်နဲ့ ခန္ဓာယှဉ်လာပြီဆိုရင် ခန္ဓာကျန်းမာရေးကိုပဲ ဦးစားပေးတတ်ပြီး စိတ်ကို ကုသဖို့ မေ့နေတတ်တာ၊ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ မှားယွင်းတဲ့ အယူအဆအလွဲတွေ ရှိနေသေးတာကို တွေ့နေရဆဲပါ။
စိတ်ကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ဘယ်နှစ်မျိုးရှိလဲ
လူပြောအများဆုံးနဲ့ အဖြစ်အများဆုံး စိတ်ကျန်းမာရေးပြဿနာတွေကတော့
- စိုးရိမ်ပူပန်လွန်ကဲခြင်း (Anxiety Disorder)
- စိတ်ကျရောဂါ (Depression)
- စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder)
- ထိခိုက်မှုဖြစ်ပြီးနောက် ကျန်ခဲ့တဲ့ စိတ်ဝေဒနာ (PTSD)
- စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia)
- စားသောက်ပုံမူမမှန်ခြင်း (Eating Disorder)
- စွဲလမ်းမှုကြောင့် ဖြစ်တဲ့ စိတ်ရောဂါ (Obsessive-compulsive Disorder) စတာတွေပဲ ဖြစ်ပါတယ်။
ဒီစိတ်ကျန်းမာရေးပြဿနာတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ကမ္ဘာ့နေရာအနှံ့က သန်းပေါင်းများစွာသော လူတွေမှာ နေ့စဉ်ခံစားကြုံတွေ့နေရပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းတွေအနေနဲ့
- ကလေးဘဝ၊ အတိတ်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ
- မတော်တဆထိခိုက်မှုတစ်ခုမှာ ကိုယ်တိုင်ပါဝင်နေခဲ့တာ၊ ဒါမှမဟုတ် မျက်စိရှေ့မှာ မြင်တွေ့လိုက်တာ
- ကိုယ့်ရဲ့ဖြစ်တည်မှုအချက်ပေါ် အခြေခံလို့ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံခံရတာ
- ချစ်ရသူ၊ အိမ်မွေးတိရစ္ဆာန်တွေကို ဆုံးရှုံးလိုက်ရတာ
- ဆင်းရဲခြင်း၊ အကြွေးတင်ခြင်း၊ ငွေကြေးဆိုင်ရာ ခိုင်မာပြည့်စုံတဲ့ ဘဝမျိုးမှာ မနေရခြင်း
- စိတ်ဖိစီးမှုတွေကို ကာလရှည်ကြာအောင် ခံစားနေရတာ
- ပြင်းထန်တဲ့ ရုပ်ခန္ဓာကျန်းမာရေးဝေဒနာတစ်ခုကို ကာလရှည်ကြာအောင် ခံစားနေရတာ
- အိုးအိမ်နေရာကို စွန့်ခွာပြီး ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ နေရာအသစ်မှာ ခိုလှုံပြောင်းရွှေ့နေထိုင်ရတာ
- ဆေးလိပ်၊ အရက်၊ စိတ်ကြွဆေး၊ မူးယစ်ဆေးတွေကို အလွန်အကျွံ သုံးစွဲတာ
- အိမ်တွင်း အကြမ်းဖက်ခံရတာ
- အလုပ်အကိုင် ဆုံးရှုံးတာ၊ ဘဝအနာဂတ်ပျောက်ဆုံးသွားတာ
- ကလေးဘဝမှာ မကြာခဏအနိုင်ကျင့်ခံရတာ စတာတွေ ပါဝင်ပါတယ်။
များသောအားဖြင့် စိတ်ကျန်းမာရေးပြဿနာ ဖြစ်လာပြီဆိုရင် စိတ်ရောဂါကု ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူတတ်ကြပေမဲ့ အဓိက အရေးအကြီးဆုံးက ဒီပြဿနာကို ပျောက်သွားစေဖို့ ကိုယ့်ရဲ့စိတ်က ကြံ့ကြံ့ခံနိုင်ဖို့ အရေးကြီးပါတယ်။ ရုပ်ခန္ဓာနဲ့မတူတာကတော့ စိတ်ဟာ အလွန်တရာရှုပ်ထွေးပြီး စိတ်ကိုကုသဖို့ တခြားဆေးဝါးတွေထက် ကိုယ့်ရဲ့စိတ်ဓာတ်ကပဲ အရေးအကြီးဆုံးဆိုတာပါပဲ။ ဒီအတွက် စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာကို စိတ်နဲ့ ကုသဖို့ -
၁။ ကိုယ့်ရဲ့ စိတ်က အမှန်တကယ် ရောဂါပျောက်ပြီး သက်သာလိုစိတ် ရှိနေရပါမယ်။
၂။ ကိုယ့်ရဲ့စိတ်ကို မကောင်းတဲ့အရာတွေဘက်ကိုပဲ အာရုံစိုက်နေမယ့်အစား ကိုယ့်ဘဝအတွက် အကျိုးရှိတဲ့၊ အပြုသဘောဆောင် ကောင်းတဲ့အရာတွေဘက်ကို ဦးတည်သင့်ပါတယ်။
၃။ စိတ်ဖိစီးမှုနဲ့ ပြဿနာတွေဆိုတာ ဘဝမှာ မကြုံချင်လည်း အမြဲကြုံတွေ့နေရပါမယ်။ ဒီသဘောတရားကို ကိုယ်တိုင်က လက်ခံလို့ ဖြစ်လာတဲ့ ပြဿနာတွေကို အမြန်ဆုံး အဖြေရှာ၊ ဖြေရှင်းဖို့က အဓိကကျပါတယ်။
၄။ လောကမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတိုင်းကို အပြုသဘောဆောင် ကောင်းတဲ့ရှုထောင့်ကနေ ကြည့်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
၅။ မလိုအပ်တဲ့အရာတွေကို တွေးပူနေမယ့်အစား လက်ရှိဖြစ်ပျက်နေတဲ့အရာတွေကိုပဲ အာရုံစိုက်ပါ။
၆။ ကိုယ်သွားချင်တဲ့ အနာဂတ်၊ ဘဝပန်းတိုင်တွေကို မကြာခဏတွေးတောပြီး ဒီပန်းတိုင်ကို ရောက်ဖို့ ဘယ်လိုကြိုးစားရမလဲဆိုတဲ့ Mindset ကို ထည့်ထားပေးပါ။
၇။ ကိုယ့်အတွက်ကို ဦးစားပေးလို့ ရောဂါပျောက်ချင်တဲ့စိတ်ကို ရအောင်မွေးပါ၊ ကိုယ့်အနားက ကိုယ့်ကိုစိတ်ပူပန်နေတဲ့ ချစ်ရသူ၊ မိသားစု၊ မိတ်ဆွေတွေဘက်ကို ပြန်ငဲ့ကြည့်ပေးပါ။
၈။ ဖြေရှင်းမရတဲ့ကိစ္စတွေ ကြုံလာတဲ့အခါ အတင်းဖြေရှင်းဖို့ မကြိုးစားဘဲ ကိုယ့်စိတ်ကို အနားပေးလိုက်ပါ၊ အနားမှာရှိတဲ့ ချစ်ရသူတွေနဲ့ တိုင်ပင်ရင်ဖွင့်ပါ။
အဓိက စိတ်ကိုကုသဖို့ တခြားကုထုံးတွေ၊ ရောဂါပျောက်ဆေးတွေထက် ကိုယ့်ရဲ့စိတ်ကသာ အခြေခံကျတာကြောင့် တတ်နိုင်သလောက် ကိုယ့်ရဲ့စိတ်ကို ကြံ့ခိုင်နေအောင် ထားတတ်ဖို့နဲ့ မရောက်လာသေးတဲ့ အနာဂတ်တွေအတွက် အကောင်းဆုံးရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားကြဖို့ မှာကြားလိုက်ပါရစေခင်ဗျာ။
ရဲမျိုးမြတ်